အင်တာနက် ဇာတ်ကြောင်း
အခန်း ၁
စပွတ်နစ် ဂြိုဟ်တု
၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက် ညနေပိုင်း မတိုင်ခင်အထိ အမေရိကန်နိုင်ငံ သမ္မတ ဒွိုက် ဒီ၊ အိုင်ဆင်ဟောင်ဝါက သူဟာ ကမ္ဘာ့အကြီးကျယ်ဆုံး နိုင်ငံကို ဦးဆောင်နေရတယ်လို့ စွဲမှတ်ထားခဲ့တယ်။ အမေရိကန်မှာ ၁၉၅၀ ခုနှစ်များ အစောပိုင်းနှစ်တွေကို အိုင်ဆင်ဟောင်ဝါခေတ်လို့ သိထားကြတယ်။ အမေ ရိကန်နိုင်ငံသား များစွာဟာ အဲဒီနှစ်များကိုြွကယ်ဝခြင်းနဲ့ ပျော်ရွှင်ခြင်းနှစ်ကာလများလို့ အမှတ်ရအောက်မေ့ကြ တယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ် ပြီး တောက်လျှောက်လည်း ပိုချမ်းသာတိုးတက်နေခဲ့ တယ်။ အမေရိကန်နိုင်ငံသားတိုင်းနီးပါးဟာ အိမ်တစ်လုံး နဲ့ ကားတစ်စီးပိုင်ဖို့ မျှော်လင့်နိုင်ကြတယ်။ ယေဘုယျ အနေနဲ့ အိုင်ဆင်ဟောင်ဝါဟာ ဒုတိယကမ္ဘာစစ်မှာ အောင် နိုင်ဖို့ အမေရိကန်စစ်တပ်ကို ဦးဆောင်နိုင်ခဲ့ပြီး ၁၉၅၇ ရဲ့ အဲဟိုညနေအထိ အမေရိကန်ကို ခြိမ်းခြောက်နိုင်မယ့် နိုင်ငံရှိခဲ့ပုံ မရပါဘူး။
ဒါပေမဲ့ အဲဒီနောက် အမေရိကန်တွေရဲ့ မိမိ ဘာသာယုံကြည်ချက်ကို လှုပ်ခါလိုက်တဲ့ သတင်းက ၀င်လာခဲ့။ `ရုရှားတွေ အာကာသထဲ ရောက်ပြီ၊ ရုရှားတွေ အာကာသထဲ ရောက်ပြီ´။ အဲဒီ အခိုက်အတန့်ကို မရောက် မီထိ အမေရိကန်တွေက သူတို့နိုင်ငံက ကမ္ဘာမြေကြီးပေါ် က အင်အားအရှိဆုံးနိုင်ငံလို့ ယုံမှတ်ထားခဲ့ကြတာ။ ဒါပေမဲ့ အခုတော့ ဆိုဗီယက်ယူနီယံက မြေကမ္ဘာကို လွန် မြောက်အောင် ခရီးရောက်သွားခဲ့ပြီ။
ကမ္ဘာတ၀န်းက ရေဒီယိုသန်းပေါင်းများစွာဟာ အသံလွှင့်ချက်အသစ်ကို ကြားနိုင်ခဲ့ကြရ၊ `တီ ... တီ ... တီ ...´။ ဒီအီလက်ထရွန်းနစ်အသံဗလံဟာ အာကာသထဲကို ပထမဆုံးဝတ္ထုအဖြစ် လူသားတွေ ပစ် လွှတ်နိုင်ခဲ့တဲ့ စပွတ်နစ် အမှတ် ၁ ဂြိုဟ်တုရဲ့ အသံပါပဲ။ ဒါက ရုရှားတွေရဲ့ အောင်မြင်မှုဖြစ်ပြီး ဒါက အမေရိကန် တွေကို ချောက်ချားတုန်လှုပ်သွားစေခဲ့ပေါ့။
ဒါဟာ စစ်အေးကာလ။ ဆိုဗီယက်ယူနီယံက အမေရိကန်ရဲ့ အကြီးဆုံးရန်သူဖြစ်ပြီး နှစ်ဘက်စလုံးက စစ်သားတွေဟာ ကမ္ဘာ့နေရာတိုင်းနီးပါးမှာ တိုက်ဖို့ အသင့် အနေအထားနဲ့ ချရပ်ထားခဲ့တယ်။ တကယ်တိုက်ခိုက်ကြမယ့် စစ်ပူရဲ့အန္တရာယ်က အမြဲတမ်း ရှိနေခဲ့တယ်။ ဒါပေမဲ့ စစ်အေးကတော့ စစ်တပ်တွေနဲ့ လက်နက်တွေနဲ့မျှသာ မကဘူး။ ဒါဟာ နည်းပညာနဲ့ အတွေးအခေါ်စစ်ပွဲလည်းပဲ ဖြစ်တယ်။ တစ်ဖက်စီက သူတို့ရဲ့ နိုင်ငံရေးစနစ်က ပိုကောင်းတယ်ဆိုတာကို သက်သေပြတဲ့အနေနဲ့ သိပ္ပံနဲ့ နည်းပညာအောင်မြင်မှုတွေကို ထုတ်ပြကြတယ်။
ဒါကြောင့် ဆိုဗီယက်က သူ့ရဲ့ ငွေရောင်ဂြိုဟ်တု ငယ်ကို ကာဇက်ပြည်ထောင်စုရဲ့ အေးစက်တဲ့ ညကောင်း ကင်ထဲ ပစ်တင်လိုက်တဲ့အခါ ဒါဟာ စိတ်ဝင်စားဖွယ် သိပ္ပံဆိုင်ရာ စမ်းသပ်မှုတစ်ခုမျှသာ မဟုတ်တော့ဘူး။ ဆိုဗီယက်ယူနီယံဟာ စစ်ဘက်အတွေးအခေါ်မှာ အောင် နိုင်နေပြီဆိုတာကို ကမ္ဘာကို ပြလိုက်တဲ့ အပြုအမူတစ်ရပ် ဖြစ်တယ်။ စပွတ်နစ်ဟာ ကန့်လန့်ဖြတ်တိုင်းရင် ၅၈ စင်တီမီတာလောက်ပဲ ရှိတာပါ။ ဒါပေမဲ့ ၉၆ မိနစ်တိုင်းမှာ အမေရိကန်နိုင်ငံရဲ့ ကောင်းကင်ယံကို လအသစ်တစ်စင်း နှယ် ဖြတ်သွားနေခဲ့တယ်။ ရုရှားလပဲပေါ့။
အမေရိကန်တွေဟာ စိုးရိမ်ကြောင့်ကြခဲ့ရတယ်။ ရုရှားက အာကာသထဲ ဂြိုဟ်တုတစ်လုံး ပစ်လွှတ်ထားနိုင် ခဲ့တယ်ဆိုရင် သူတို့ ဘာလုပ်နိုင်ကြမလဲ။ မကြာခင် အာကာသထဲမှာ ခြေကုပ်စခန်းတွေ ကောင်းကောင်း ပစ်လွှတ်နိုင်ပြီး အဲဒီကနေ အမေရိကန်နိုင်ငံရဲ့ အချက် အချာနေရာတွေဆီ တန်းပြီး ဗုံးတွေချနိုင်တော့မှာပဲ။ သတင်းစာတွေထဲ မကြာခင်မှာပဲ အာကာသထဲက အန္တရာယ်အသစ်နဲ့ ပတ်သက်ပြီး ပရမ်းပတာဇာတ်လမ်း တွေ ထိုးထည့်လာခဲ့ကြရဲ့။ အမေရိကန်နိုင်ငံသား အတော် များများကလည်း အဲဒါတွေကို လက်ခံကြတယ်။
٭
`ဒီဟာနဲ့ ပတ်သက်ပြီး တို့ဘာတွေများ လုပ်ဖို့ ရှိ မလဲ´ သမ္မတအိုင်ဆင်ဟောင်ဝါက သူ့ရဲ့ ကာကွယ်ရေး ၀န်ကြီး နီးလ်မက်အလ်ရွိုင်းကို မေးမြန်းခဲ့တယ်။
`စိုးရိမ်ဖို့ တကယ့်အကြောင်းရင်း မရှိပါဘူး´လို့ မက် အလ်ရွိုင်းက ပြန်ဖြေတယ်။ `စပွတ်နစ်က ကျွန်တော်တို့ အဖို့ အန္တရာယ်မဟုတ်ပါဘူး။ ကျွန်တော်တို့ သိပ္ပံပညာရှင် တွေက သူတို့သိပ္ပံပညာရှင်တွေထက် ပိုတော်ပါတယ်´။
`အဲဒါကို ကျုပ်သိပါတယ်´ လို့ သမ္မတက ပြော တယ်။ `အဲဒါကို ကျုပ်စိုးရိမ်တာမဟုတ်ဘူး။ ကျုပ်ပြဿနာ က အဲဒီလို အံအားသင့်ရတာမျိုးကို မကြိုက်တာပဲ။ ဒီလို မျိုး နောက်ထပ် အံ့သြတကြီးဖြစ်ရတာ ကျုပ်မလိုချင်ဘူး။ နိုင်ငံအနေနဲ့လည်း ဒီလိုမျိုး အံ့သြဘနမ်းဖြစ်ရတာမျိုး နောက်တစ်ခါ ထပ်မဖြစ်ချင်ဘူး။ ကျုပ်တို့က အရေးပါတဲ့ နည်းပညာအားလုံးမှာ ရုရှားတွေရဲ့ထိပ်မှာ ရှိဖို့ သေချာ အောင် အနာဂတ်မှာ လုပ်နိုင်ရမယ်´။
`ဘယ်လိုများ အကြံပြုချင်ပါသလဲ သမ္မတကြီး´
`နည်းပညာမြင့် အလုပ်တွေကို ညွှန်ကြားဖို့ အစိုးရ ဌာနအသစ်တစ်ခု ကျုပ်တို့ လိုတယ်။ အမေရိကန်ပြည်သူ လူထုကို ကျုပ်က ဒီလိုပြောဖို့ ဖြစ်နိုင်ချင်တာ။ ``စိတ်မပူကြ ပါနဲ့။ ကမ္ဘာပေါ်က အတော်ဆုံး သိပ္ပံပညာရှင်တွေက အမေရိကန်အစိုးရအတွက် အမှုတော်ထမ်းနေကြပြီး ရုရှားတွေရဲ့ ရှေ့ဘက်မှာ ကျွန်တော်တို့ကို တည်တံ့နေစေ မှာပါ´။ ပြီးတော့ တပ်အင်အားတွေ အချင်းချင်း အခု သူတို့လုပ်နေသလို ပြိုင်နေကြတာမျိုးကို ရပ်စေချင်တယ်။ ဒါက ငွေနဲ့အချိန်ကို ဖြုန်းတီးနေတာပဲလေ။ ကျုပ်တို့နည်း ပညာမြင့် အားထုတ်ချက်တွေ အားလုံးကို ထိန်းချုပ်ဖို့ တစ်ခုတည်းသောအဖွဲ့အစည်းကို ကျုပ်လိုချင်တယ်´။
ကာကွယ်ရေးဝန်ကြီးက အဲဒီအဖွဲ့အစည်းကို မသိ ပါဘူး။ ဒါပေမဲ့ နာမည်ကျော် ဘဲဥပုံရုံးခန်းကနေ လှည့်ပြီး လျှောက်ထွက်လာတာနဲ့ နှစ်ဆယ်ရာစုနှောင်းပိုင်းရဲ့ အရေးအပါဆုံး တီထွင်မှုဖြစ်တဲ့ အင်တာနက်ဆီ ဦးတည် ရာ လမ်းမပေါ်ကို သူ ပထမဆုံးခြေလှမ်းတင်နေခဲ့ပြီပဲ။
٭
အခန်း (၂)
ပထမဆုံး ကွန်ပျူတာ ကွန်ရက်
အစိုးရရဲ့ နည်းပညာမြင့်လုပ်ငန်းအားလုံးကို ထိန်း ချုပ်မယ့် အာရ်ပါ(ARPA)လို့ ခေါ်တဲ့ အဖွဲ့အစည်းသစ်ကို ဖွဲ့စည်းကြောင်း သမ္မတာအိုင်ဆင်ဟောင်ဝါက ၁၉၅၈ ခု ဇန်န၀ါရီ ၇ ရက်မှာ ကြေညာပါတယ်။ (အာရ်ပါရဲ့အရှည် က ခေတ်မီသုတေသန ပရောဂျက်အေဂျင်စီ Advanced Research Projects Agency ဖြစ်ပါတယ်။)
မကြာမတင်မှာပဲ အာရ်ပါဟာ သိပ္ပံနဲ့ နည်းပညာ အသစ်တွေမှာ သုတေသနလုပ်ဖို့နဲ့ ပတ်သက်ပြီး ဒေါ်လာ သန်းချီသုံးစွဲခဲ့တယ်။ အမေရိကန်ရဲ့ ကန္တာရတွေနဲ့ တောင် တန်းတွေထဲ အတွင်းကျကျက ဝေးလံခေါင်ဖျားဓာတ်ခွဲ ခန်းတွေမှာ အလွန်ထက်မြက်တဲ့ ယောက်ျားတွေ၊ မိန်းမ တွေဟာ ထူးခြားတဲ့ အတွေးအခေါ်သစ်တွေ စူးစမ်းရှာဖွေ ကြတယ်။ ကြောက်မက်ဖွယ်ရောဂါတွေ ပျံ့နှံ့သွားနိုင်တဲ့ ဗုံးတွေကို သိပ္ပံပညာရှင်တွေက တည်ဆောက်ကြတယ်။ အာကာသထဲက စစ်ပွဲတွေအတွက် အင်ဂျင်နီယာတွေက စီမံချက်တွေ ရေးဆွဲကြတယ်။ စိတ်ပညာရှင်တွေက အတွေးစိတ်ကူး စွမ်းအားတစ်ခုတည်းနဲ့ ဆက်သွယ်နိုင်ဖို့ လူတွေကို လေ့ကျင့်ပေးနိုင်အောင် ကြိုးပမ်းကြတယ်။
အာရ်ပါရဲ့ အစောဆုံး ပရောဂျက်တွေက စပွတ်နစ် က စတင်ခဲ့တဲ့ `အာကာသပြိုင်ပွဲ´မှာ အောင်မြင်ရေးကို ရည်မှန်းထားခဲ့တယ်။ ဒါပေမဲ့ ဒီပရောဂျက်တွေဟာ မကြာ ခင်ပဲ အဖွဲအစည်းသစ် နာဆာ (NASA – National Aeronautics and Space Administration)ရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားတယ်။ ၁၉၆၀ ခုနှစ်များ တလျှောက် အထူးသဖြင့် သမ္မတကနေဒီက လပေါ်ကို လူသားဆင်းသက်ဖို့ သူ့စီမံကိန်းကို ကြေညာပြီးတဲ့နောက် ပိုင်းမှာ နာဆာဟာ အမေရိကန်ရဲ့ စိတ်ကူးစိတ်သန်းကို အမိအရ ဖမ်းထားခဲ့တယ်။
နာဆာက အသစ်အသစ်တွေကို ဖြည့်စွက်နေခိုက် မှာပဲ အာရ်ပါက အာကသခရီးထက် ပို၍များစွာ အရေး ပါကြောင်း နောက်ဆုံး သက်သေထူနိုင်မယ့် နယ်ပယ်မှာ တိတ်တိတ်ဆိတ်ဆိတ် လုပ်ဆောင်နေခဲ့တယ်။ အဲဒါက ကွန်ပျူတာ အသုံးပြုမှုနယ်ပယ်ပါပဲ။
٭
၁၉၆၆ မှာ အာရ်ပါရဲ့ ကွန်ပျူတာပရောဂျက် အကြီးအကဲက ဘော့တေလာ ဖြစ်တယ်။ သူက ဦး နှောက်သုတေသနနဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့ သိပ္ပံ ပညာရှင်အဖြစ် သူ့ရဲ့ ဘ၀တစ်သက်တာလုပ်ငန်းကို စခဲ့ တယ်။ ဒါပေမဲ့ သူက ကွန်ပျူတာတွက်ချက်မှုမှာလည်း စိတ်ဝင်စားခဲ့တယ်။ ဒါက ကွန်ပျူတာသိပ္ပံပညာ မပေါ်ခင် ကပဲ သီးခြားလေ့လာမှုနယ်ပယ်အနေနဲ့ ရှိခဲ့တာပါ။ အဲဒီ အချိန်အခါက ကွန်ပျူတာတွေက သိပ်ပြီးသစ်ဆန်းတဲ့ နည်းပညာအဖြစ်ရှိနေဆဲ ဖြစ်တယ်။ ဒါတွေက ရိုးလ်စ် ရွိုက်စ်ကားတွေထက် လူသိနည်းပေမယ့် ရိုးလ်စ်ရွိုက်စ် ကားတွေထက် ပိုပြီး တန်ဖိုးကြီးပါတယ်။ ၁၉၆၀ တုန်းက ဆိုရင် အခုရုံးစားပွဲတွေပေါ်မှာ ရှိနေတဲ့ စက်တွေရဲ့ စွမ်းအားလောက်ရှိတဲ့ ကွန်ပျူတာတစ်လုံးဟာ ဒေါ်လာသန်းချီတန်ကြေးရှိပြီး အရွယ်အစားကလည်း တိုက်ခန်း တစ်ခန်းစာလောက် ရှိပါတယ်။ ဒီစက်တွေ အများစုကို တက္ကသိုလ်တွေ၊ အစိုးရ၊ ဒါမှမဟုတ် ကုမ္ပဏီကြီးတွေက ပိုင်ကြတယ်။ ဒီကွန်ပျူတာတွေကို အဓိကအားဖြင့် သင်္ချာ ပညာဆိုင်ရာမှာ သုံးကြတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာကို ဘော့တေလာက ဒီ ကွန်ပျူတာတွေဟာ တွက်ချက်နိုင်တဲ့စက်မျှ သက်သက် မဟုတ်ဘူးဆိုတာကို သတိထားမိတယ်။ ဒါတွေက ဆက် သွယ်မှုကောင်းကောင်း လုပ်နိုင်တဲ့ စက်တွေ ဖြစ်တယ် ဆိုတာ သူက သိတယ်။
အာရ်ပါဟာ အမေရိကန်တစ်ဝန်းက တက္ကသိုလ် တွေက ကွန်ပျူတာပရောဂျက်တွေအတွက် အကုန်အကျ ခံပေးချေနေတယ်။ ဒါပေမဲ့ ဘော့တေလာဟာ ရလဒ်ကို စိတ်တိုင်းမကျနိုင်ဘူး။ သူက သူ့ရဲ့အကြီးအကဲ ချာလီ ဟာ့ဇ်ဖီးလ်ဒ်ကို တွေ့ဖို့ သွားခဲ့တယ်။
`ချာလီ၊ ကျွန်တော်တို့တော့ ပြဿနာရှိနေပြီ´ လို့ သူက ပြောတယ်။
`ဘာများလဲဗျ´ ဟာ့ဇ်ဖီးလဒ်က မေးတယ်။
`ကျွန်တော်တို့က ငွေတွေကို လွှင့်ပစ်နေတာပဲ´လို့ သူက ဆိုတယ်။ `ကျွန်တော်တို့က အမေရိကန်တစ်ဝန်း လုံးက မတူတဲ့ သူတွေဆီကို အလုပ်တစ်မျိုးတည်းကိုပဲ တစ်ထပ်တည်းလုပ်ဖို့ ငွေပေးနေတာလေ´။
`သူတို့နဲ့ ပတ်သက်ပြီး ဘာမှားလို့လဲကွ´ ဟာ့ဇ် ဖီးလဒ်က အော်တယ်။ သူက သူ့ဆီမှာ လုပ်နေတဲ့ လူ တော်တော်များများက ကြောက်ရပြီး သြစတြီးယန်း လေသံပြင်းပြင်းရှိတဲ့သူ။ `သူတို့ တယ်လီဖုန်းဆိုတာကို မကြားဖူးကြဘူးလား။ ကွန်ဖရင့်တွေ သွားမတက်ကြဘူး လား။ ကွန်ဖရင့်တွေတက်ဖို့ တို့ စရိတ်တွေ ပေးထားတာ ပဲကွ။ သူတို့ ဘာလုပ်နေကြတယ်ဆိုတာ အချင်းချင်း ဘာကြောင့် မနှီးနှောကြတာလဲ´။
`မဟုတ်ဘူး ချာလီ၊ ဒါက ပြဿနာမဟုတ်ဘူး´လို့ တေလာက ရှင်းပြတယ်။ `အမှန်က ကျွန်တော်တို့လူတွေ က တစ်ယောက်နဲ့တစ်ယောက် စကားပြောကြပါတယ်။ ပြဿနာက သူတို့ကွန်ပျူတာတွေက မပြောကြဘူးဗျ´။
`သူတို့ ကွန်ပျူတာတွေက မပြောကြဘူး၊ ဟုတ် လား။ မင်းဆိုလိုချင်တာက ဘာလဲ´ ဟာ့ဇ်ဖီးလဒ်က မေးတယ်။
`ကောင်းပြီ၊ ကျွန်တော့်ရုံးကိုပဲကြည့်ဗျာ။ ကျွန်တော် တို့ ကွန်ပျူတာကြီးတွေ အားလုံးကိုတော့ ကျွန်တော် ဆက်ထားတာပဲ။ ဒါပေမဲ့ ဆန်တာမော်နီကာက လူတွေနဲ့ ဆက်သွယ်ချင်ရင် ကျွန်တော် စက်တစ်လုံးမှာပဲ ထိုင်ရ တယ်။ ဘာကလေက ကွန်ပျူတာနဲ့ပြောချင်ရင် အဲဒီက နေ ထရတယ်၊ နောက်တစ်လုံးမှာ ပြောင်းထိုင်ရတယ်။ လုံးလုံးကွဲပြားတဲ့ ကွန်ပျူတာဘာသာစကားကို သုံးရ တယ်။ ဒါက တခြား ကွန်ပျူတာအားလုံးအတွက်လည်း အတူတူပဲ´။
`ဒါဖြင့် ဒီတော့ကာ အဖြေကဘာလဲ´ ဟာ့ဇ်ဖီးလဒ် က မေးတယ်။
`ကွန်ပျူတာ ကွန်ရက်တစ်ခု ကျွန်တော် ဆောက် ချင်တယ်။ ကျွန်တော်တို့ရဲ့ အကြီးဆုံးကွန်ပျူတာလေးလုံး ကို ကျွန်တော်က ဆက်သွယ်ထားချင်တယ်။ နောက်ပြီး သိပ္ပံပညာရှင်တွေက သူတို့ရဲ့ သုတေသနတွေကို မျှဝေ ပေးနိုင်ပြီး ကျွန်တော်တို့က အလုပ်တစ်ခုတည်းအတွက် ထပ်ခါ ထပ်ခါ ပေးရတာမျိုး မရှိတော့ဘူး´။
ဟာ့ဇ်ဖီးလဒ်က အဲဒီ တစ်ခဏမှာ တေလာ့ကို ကြည့်လိုက်မိတယ်။
`ဒါက မခက်ဘူး မဟုတ်လား´ လို့ မေးလိုက်တယ်။
`အို မခက်ပါဘူး´ တေလာက သူခံစားရတာထက် ပိုပိုမိုမိုယုံကြည်မှုမျိုးနဲ့ ဖြေလိုက်တယ်။ `ဘယ်လို လုပ်ရ မယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ´။
ဟာ့ဇ်ဖီးလဒ်က တစ်ခဏ စဉ်းစားကြည့်တယ်။
`သိပ်ကောင်းတဲ့ စိတ်ကူးပဲ ဘော့´ သူက ဆိုတယ်။ `ဒါနဲ့ပတ်သက်ပြီး စလုပ်တော့။ အခုပဲ ဒေါ်လာတစ်သန်း ငါမင်းကို တန်းချပေးမယ်။ သွားတော့´
တေလာက ဟာ့ဇ်ဖီးလဒ်ရဲ့ ရုံးခန်းကနေ ထွက်ခဲ့ ပြီး သူ့ကိုယ်ပိုင်အခန်းကို ပြန်ခဲ့တယ်။ `ဒေါ်လာတစ်သန်း´ သူ့ဘာသာ ရေရွတ်မိတယ်။ `ပြီး ဒါရဖို့ မိနစ် ၂၀ ပဲ အချိန် ယူရတယ်။ ဘာကြောင့် ငါ ပိုပြီး မတောင်းမိပါလိမ့်´။
٭
ကွန်ရက်အတွက်သုံးဖို့ ငွေလက်ထဲ ရောက်လာ တဲ့အခါ ဘော့တေလာက ကွန်ရက်ဆောက်ဖို့ လူတွေ စငှားတယ်။ ပရောဂျက်မန်နေဂျာနေရာအတွက် ပထမ ဆုံး သူရွေးတာက လာရီ ရောဘတ်ပါပဲ။
ရောဘတ်က ကွန်ပျူတာမှာရော ဆက်သွယ်ရေး နည်းပညာညမှာရော နှစ်မျိုးစလုံး ကျွမ်းကျင်တဲ့သူ ဆိုတော့ ဒီအလုပ်အတွက် ပြည့်စုံတဲ့သူ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဆန့်ကျင်ဘက် ကမ်းခြေနှစ်ဘက်မှာ ရှိတဲ့ ကွန်ပျူတာနှစ်လုံးကို ချိတ်ဆက်ရာမှာ သူက အောင် မြင်ခဲ့ပြီးအချိန်ဖြစ်ပါတယ်။ ဒီအလုပ်အတွက် ဘော့တေ လာက ငွေပေးချေခဲ့ပြီး ဖြစ်တဲ့အပြင် အခု သူက လာရီ ရောဘတ်ကို အာရ်ပါမှာ လာပြီး လုပ်စေချင်ပါတယ်။ ပြဿနာက ရောဘတ်က မလာချင်တာပါ။ သူက သူအခု ရှိနေတဲ့နေရာ မက်ဆာချူးဆတ်နည်းပညာတက္ကသိုလ် (MIT) က လင်ကွန်းဓာတ်ခွဲခန်းမှာ ပျော်နေပါတယ်။
တေလာက ချာလီ ဟာ့ဇ်ဖီးလဒ်နဲ့ ထပ်တွေ့ဖို့ ထွက်ခဲ့တယ်။ `အာရ်ပါက သူ့ငွေ အနည်းဆုံး ၅၁ ရာခိုင် နှုန်းကို လင်ကွန်းကို ပေးနေတယ်ဆိုတာ အမှန်ပဲလား´။
`အင်း၊ အမှန်ပဲ´လို့ ဟာ့ဇ်ဖီးလဒ်က ဖြေတယ်။
`လာရီရဲ့ ဘော့စ်ကို ပြောပေးပါလား၊ သူ့ကို ဘယ်သူက လုပ်ခပေးချေနေတယ်ဆိုတာ အမှတ်ရဖို့ သေချာသိသွားအောင်လေ´
ဒါ့ကြောင့် ချာလီဟာ့ဇ်ဖီးလဒ်က ရောဘတ်ရဲ့ အကြီးအကဲကို လင်ကင်းမှာ ခေါ်ပြီး ပြောရဲ့။ `ခင်ဗျားတို့ အသုံးရဲ့ တစ်ဝက်မက ကျွန်တော်တို့ ကျခံထားခဲ့တာပါ။ ဒါ့ကြောင့် ရောဘတ် အာရ်ပါကိုလာရင် ရောဘတ်အ တွက်လည်း ကောင်းမယ်၊ လင်ကင်းဓာတ်ခွဲခန်း အတွက် လည်းကောင်းမှာပေါ့။ ခင်ဗျား မြန်နိုင်သလောက် အမြန် ဆုံး သူ့ကို ဒီလွှတ်မပေးနိုင်ဘူးလား´
လင်ကင်းဓာတ်ခွဲဌာနရဲ့ အကြီးအကဲက လာရီရော ဘတ်ကို အမြန်ပဲ သူ့ရုံးခန်းကို ခေါ်လိုက်တယ်။
`မင်း ဒီအလုပ်ကို လက်ခံလိုက်တာ တို့အားလုံး အတွက် အကောင်းဆုံးဖြစ်လိမ့်မယ် ရောဘတ်။ သူတို့က ``ဟင်အင်း´´ လို့ အငြင်းခံမှာ မဟုတ်ဘူး´
နှစ်ပတ်ကြာတော့ အာရ်ပါကို လာရီရောဘတ် ရောက် လာခဲ့တယ်။
٭
ကွန်ရက်အသစ်အတွက် ကွန်ပျူတာတွေ ရှာတဲ့ အလုပ်ကို ဘော့တေလာက လာရီရောဘတ်ကို ပေး လိုက်တယ်။ အမေရိကန်တ၀န်းက တက္ကသိုလ်တွေ အတွက် သူပေးချေထားခဲ့ရတဲ့ ကွန်ပျူတာတချို့ကိုအာရ်ပါက သုံးချင်တယ်။ ဒါပေမဲ့ အဲဒီစက်တွေကို ထိန်းထားတဲ့ လူတွေက စိတ်လိုလက်ရမရှိကြဘူး။
`ကျွန်တော်တို့က ကျွန်တော်တို့အလုပ်တွေကိုလုပ်ဖို့ ရထားတာလေ´လို့ သူတို့က ဆိုတယ်။ `ကွန်ပျူတာ စက်ချိန်က ရူးနှမ်းနှမ်း အတွေးစိတ်ကူးတွေနဲ့ပတ်သက်ပြီး မဖြုန်းတီးနိုင်လောက်အောင် တန်ဖိုးရှိတာဗျ´
တခြားသူတွေကတော့ စက်သုံးရတာ လုံခြုံမှုမရှိ တော့မှာကို စိုးရွံ့ကြတယ်။
`ဒီကွန်ပျူတာတွေထဲက သတင်းအချက်အလက် တွေက လျှို့ဝှက်တွေ´ လို့ သူတို့က လာရီရောဘတ်ကို ပြောတယ်။ `ကျွန်တော့်ကွန်ပျူတာက ခင်ဗျား ကွန်ပျူ တာနဲ့ နက်ဖြန် စပြီး စကားပြောတယ်ဆိုရင် နောက်တစ် ပတ်ကုန်လောက်မှာ အဲဒီကွန်ပျူတာက ဆိုဗီယက်ယူနီယံ တစ်နိုင်ငံလုံးနဲ့ ပြောတော့မှာပဲ´
ဘယ်သိပ္ပံပညာရှင်ကမှ သူတို့ကိုယ်တိုင်ရဲ့ တက္က သိုလ်က မဟုတ်တဲ့ ဘယ်တစ်ယောက်ကိုမှ ယုံကြည်မှု ထားပုံ မရဘူး။ `တက္ကသိုလ် အိပ်စ်က အရူးတစ်ယောက် ယောက်ကို ကျွန်တော့်ရဲ့ ဒေါ်လာသန်းချီတန်တဲ့ ကွန်ပျူ တာကို အထိ မခံစေချင်ဘူး´လို့ သူတို့က ပြောမယ်။ ဒါပေမဲ့ သူတို့အားလုံးပဲ တခြားလူတွေရဲ့ ကွန်ပျူတာကို လက်လှမ်းနိုင်မယ့်အရေးကိုတော့ သဘောကျပါတယ်။
ဒါနဲ့ လာရီရောဘတ်လည်း အကူအညီတောင်းဖို့ ဘော့တေလာဆီ သွားရတယ်။ အာရ်ပါက ရောဘတ်ကို ရဖို့ သူသုံးဖူးတဲ့ ဆွဲဆောင်မှုနည်းအတိုင်းပဲ တေလာက ရိုးရိုးရှင်းရှင်း သုံးလိုက်တယ်။ တက္ကသိုလ်တစ်ခုစီကို သူက ဖုန်းလှမ်းဆက်ပြီး `ခင်ဗျားတို့ ကွန်ပျူတာတွေအတွက် ဘယ်သူက ကျခံနေတာလဲ´ မေးတယ်။
`ခင်ဗျားတို့က ပေးတာပါ´
`ဒါဆိုရင် ဒီကွန်ရက်ကို ခင်ဗျားတို့ ချိတ်ရလိမ့် မယ်´လို့ ဘော့တေလာက ပြောတာပဲ။
ဒါကြောင့် တေလာဟာ အာရ်ပါနက် (ARPAnet) လို့ ခေါ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ကွန်ရက်ထဲ ပါဝင်မယ့် ကွန်ပျူတာတွေကို အာရ်ပါက ရလိုက်တယ်။ ဒါပေမဲ့ ဒါ ၁၉၆၆ တုန်းကဖြစ်ပြီး ကမ္ဘာပေါ်မှာ ဘယ်သူမှ ကွန်ရက် တစ်ခု ဘယ်လိုဆောက်ရမယ်ဆိုတာ တကယ်တမ်း မသိကြသေးပါဘူး။
٭
လာရီ ရောဘတ်က စီမံချက်တွေ စဆွဲရတယ်။ သူ့မှာ သုံးဖို့ ငွေကြေးလည်းရှိပြီ၊ ကွန်ပျူတာကြီး ၄ လုံးကို ချိတ်ဖို့လည်း ခွင့်ပြုချက်ရပြီ။ ဒါပေမဲ့ ကွန်ရက်ဒီဇိုင်းနဲ့ ပတ်သက်ပြီး တကယ်တမ်း အရေးကြီးတဲ့ မေးခွန်းတွေ အတွက်ကတော့ အဖြေမရှိသေးပါဘူး။
ဘော့တေလာက အာရ်ပါရဲ့ ကွန်ပျူတာ သုတေ သန ပညာရှင်တွေအတွက် ကွန်ဖရင့်ကို ၁၉၆၇ အစော ပိုင်းမှာ မီချီဂန်က အဲန်အာရ်ဘာ (Ann Arbor)မှာ ကျင်းပပေးတယ်။ ဒါက လာရီရောဘတ်အဖို့ သူ့စီမံချက်တွေ ရှင်းပြဖို့နဲ့ အမေရိကန်ပြည်ထောင်စုက အတော်ဆုံး ကွန်ပျူတာသိပ္ပံပညာရှင်တွေရဲ့ ထင်မြင်ချက်တွေကို ကြား ရဖို့ အခွင့်အရေးပါပဲ။ ပထမပိုင်းမှာတော့ သူတို့က စိတ်အားထက်သန်မှု မရှိကြဘူး။
ရောဘတ်က တယ်လီဖုန်းလိုင်းကို သုံးပြီး ကွန်ပျူတာတွေကို တိုက်ရိုက်ချိတ်ဆက်ဖို့ သူကြံရွယ်ထား ကြောင်း ပြောတယ်။ ဒါက `လက်ခံ (host)´ ကွန်ပျူတာ တွေက အလုပ်နှစ်မျိုးကို လုပ်ရလိမ့်မယ်လို့ ဆိုလိုတယ်။ ကွန်ပျူတာတွေရဲ့ လုပ်နေကျ ရှိပြီးသားအလုပ်နဲ့ ကွန်ရက် အသစ်ကို ထိန်းချုပ်ဖို့ ထပ်တိုးအလုပ်ပါ။ ပရိသတ်အများ စုက ဒီစိတ်ကူးကို မလိုလားဘူး။
`ကျွန်တော်တို့ ကွန်ပျူတာတွေမှာက အလုပ်တွေ တစ်ပုံတစ်ခေါင်းရှိပြီးသား။ တခြားအလုပ် ထပ်တိုးပြီး မလုပ်နိုင်တော့ဘူး´လို့ သူတို့က ပြောတယ်။ `ဘယ်နည်းနဲ့ ပဲဆိုဆို ဒီကွန်ရက်က အလုပ်မဖြစ်နိုင်ဘူး။ စနစ်ထဲက ကွန်ပျူတာတိုင်းက တခြားကွန်ပျူတာတိုင်းကို ဘယ်လို လှမ်း ဆက်သွယ်ရမယ်ဆိုတာကို နားလည်ဖို့ လိုလိမ့် မယ်။ အခုက ကွန်ပျူတာပုံစံကွဲတွေ သိပ်များပြီး အားလုံး ကလည်း မတူတဲ့ ဘာသာစကားကို သုံးထားကြတယ်´
ဒါက သိပ်မှန်တဲ့ အချက်ဖြစ်ပြီး လာရီရောဘတ်က အဲဒီအတွက် အဖြေမရှိဘူး။ ကွန်ပျူတာနှစ်လုံးကို ဖုန်းလိုင်းပေါ်ကနေ အတူတကွ ချိတ်နိုင်တာတောင်မှ တစ်လုံးနဲ့ တစ်လုံး နားလည်ဖို့က သိပ်ခက်လိမ့်မယ်။ ပြင်သစ်နဲ့ အိန္ဒိယလူမျိုးတွေက ဆွာဟလိဘာသာသုံးပြီး ဆက်သွယ်ဖို့ ကြိုးစားနေတာနဲ့ တူနေမယ်။
ဆွေးနွေးပွဲ မဆုံးခင်ကလေးမှာ လာရီရောဘတ်ဆီ စာတိုတစ်စောင် တစ်ယောက်က ပါးလာခဲ့တယ်။ `ခင်ဗျား ကွန်ရက်ကို အပြင်ထုတ်ရမယ်´ လို့ အဲဒီထဲမှာ ဆိုတယ်။
အဲဒီမှတ်ချက်က ၀က်စ်ကလာ့ခ်က ရေးတာ။ လာရီရောဘတ်ရဲ့ ပရိသတ်ထဲမှာ သူက စိတ်အားထက် သန်မှု အနည်းဆုံးအဖွဲ့ဝင်တွေထဲက တစ်ယောက်ပဲ။ သူ က ဆွေးနွေးပွဲကို ငြီးငွေ့နေပြီး ကွန်ရက်ရဲ့ အစိတ်အပိုင်း အဖြစ် သူမပါချင်ဘူးဆိုတာ ရောဘတ်ကို ပြောပြခဲ့ ပြီးသားဖြစ်တယ်။ သူက တစ်ဦးချင်း သုံးစွဲသူတွေအတွက် ကွန်ပျူတာတွေမှာ လုပ်ဆောင်ပေးနေခဲ့ပြီး အဲဒီ ကွန်ပျူတတွေကို အလုပ်ခွဲဝေလုပ်ဆောင်တာမျိုး သူက မလိုချင်ဘူး။ လက်ခံကွန်ပျူတာတွေကို အလုပ်ပိုခိုင်းဖို့ ဖိအားမရှိတဲ့ ကွန်ရက်မျိုး ဆောက်ဖို့ နည်းလမ်းကို သူမြင် တာက အဲဒီအကြောင်းကြောင့်ပဲ ဖြစ်နိုင်ပါတယ်။
ကွန်ဖရင့်ပြီးသွားတဲ့နောက်ပိုင်း လာရီရောဘတ်က ၀က်စ်ကလာ့ခ်ကို ရှာပြီး မေးတယ်။ ` ခင်ဗျားက ``ကွန် ရက်ကို အပြင်ထုတ်ရမယ်´´ လို့ဆိုတာ ဘာကို ရည် ရွယ်တာလဲ´
`ကျွန်တော် လေယာဉ်အမီ သွားရမယ်´ လို့ ကလာ့ခ်က ပြောတယ်။ `တက္ကဆီပေါ်မှာ ကျွန်တော်တို့ ပြောသွားနိုင်မလား´
ဒါနဲ့ပဲ ၀က်စ်ကလာ့ခ်နဲ့ လာရီရောဘတ်တို့က သူတို့ ရဲ့ ဆွေးနွေးပွဲကို လေဆိပ်သွားတဲ့ လမ်းမှာပဲ ဆက်လုပ်ကြ တယ်။ ကလာ့ခ်က သူ့ရဲ့ စိတ်ကူးကို ရှင်းပြတယ်။
`ကွန်ပျူတာတစ်လုံးကနေ တခြားကွန်ပျူတာကို တိုက်ရိုက် သတင်းစကားပို့ဖို့အကြောင်းကို မေ့ထားလိုက် ဗျာ။ အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ လက်ခံ ကွန်ပျူတာတွေရှိရင် အလုပ်လုပ်ဖို့ လုံလောက်ပြီးသားပဲ။ မဟုတ်ဘူးလား´
`ကောင်းပြီ၊ အင်း´ ရောဘတ်က သဘောတူတယ်။ `ဒါပေမဲ့ အဲဒီကွန်ပျူတာတွေက ကျွန်တော်တို့အတွက် ကွန်ရက်ဖွဲ့ရာမှာ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်ဗျ။ ဒါက အဆုံးမှာ စက်တိုင်းကို အထောက်အကူ ဖြစ်လိမ့်မယ်´
`ဟုတ်တယ်၊ ဟုတ်တယ်။ အားလုံး ကျွန်တော်သိ ပါတယ်´ လို့ ကလာ့ခ်က ပြောတယ်။ `ဒါပေမဲ့ ကွဲပြားတဲ့ ကွန်ပျူတာဘာသာ စကားတွေအားလုံးကို ဘာသာပြန်ရ တဲ့ အပိုအလုပ်မျိုး သူတို့ကို ခိုင်းဖို့လည်း မလိုအပ်ပါ ဘူးဗျာ´
`ဒါပေမဲ့ ကျွန်တော်တို့ အဲဒါကို ဘယ်လို ရှောင်နိုင် မလဲ´ ရောဘတ်က မေးတယ်။ `တခြားကွန်ပျူတာတွေကိုဘာသာပြန်စက်တွေအဖြစ် သုံးမယ့် စနစ်တစ်ခုကို ဘာ ကြောင့် ဒီဇိုင်းမလုပ်နိုင်ရမှာလဲ။ ပြီးတော့ သတင်းပို့ ချက်တွေဟာ သူတို့သွားရမယ့် လမ်းဆုံးကွန်ပျူတာကို မရောက်မီ အဲဒီ ဘာသာပြန်ကွန်ပျူတာတွေထဲက တစ်လုံးကို အမြဲတမ်း ဖြတ်သွားရလိမ့်မယ်´
`အဲဒါက ဘယ်လို လုပ်ဆောင်မှာလဲ´
`တကယ်လို့ ဖုန်းလိုင်းနဲ့ လက်ခံကွန်ပျူတာတွေ ကြားမှာ ပိုပြီးငယ်တဲ့ ကွန်ပျူတာကို ထားခဲ့ရင် လက်ခံ ကွန်ပျူတာတွေကို သူတို့အတိုင်း ရှိနေစေနိုင်တာပဲ။ ကွန်ပျူတာငယ်တွေ အားလုံးက ဘာသာစကားတစ်ခု တည်းကိုပဲ သုံးလိမ့်မယ်။ ဒါပေမဲ့ ကွန်ပျူတာငယ်တွေဟာ သူ့ရဲ့ လက်ခံကွန်ပျူတာနဲ့ ပြောနိုင်ဖို့ ဘာသာစကား အသစ်တစ်ခုကိုပဲ သင်ယူဖို့ လိုလိမ့်မယ်။ ပြီးတော့ ကွန်ပျူ တာငယ်တွေက ကွန်ရက်ကို မောင်းလိမ့်မယ်။ သတင်းပို့ ချက်တွေကို စစ်ဆေးတာနဲ့ ဆက်ပြီး ပို့ပေးတဲ့ အလုပ်အား လုံးကို လက်ခံကွန်ပျူတာတွေက မဟုတ်ဘဲနဲ့ ကွန်ပျူတာ ငယ်တွေက လုပ်မယ်။ လက်ခံကွန်ပျူတာတွေကို ဒီအတိုင်းတိုင်း ထားပြီး ကွန်ပျူတာငယ်တွေရဲ့ အတွင်း ကွန်ရက်တစ်ခု ဆောက်ရမယ်၊ အားလုံး အဆင်ပြေသွား မှာပဲ။ ဒါက မြင်သာပါတယ်´
`လက်ဖျားခါလောက်ပါပေတယ်´လို့ လာရီရော ဘတ်က ပြောလိုက်ရဲ့။ သူ တက္ကဆီထဲကနေ ထွက်ခဲ့ တော့ သူ့စိတ်ထဲမှာ ကြီးထွားဖွံ့ဖြိုးလာမယ့် ကွန်ရက် အတွက် စီမံချက်အသစ်ရဲ့ မျိုးစေ့ ပါလာခဲ့တာပေါ့။
ဝက်စ်ကလာ့ခ်ရဲ့ စိတ်ကူးက ပြဿနာ အတော် များများကို ရှင်းပေးခဲ့တယ်။ လက်ခံကွန်ပျူတာတွေနဲ့ အဲဒီစက်တွေကို ထိန်းချုပ်ရတဲ့ လူတွေအဖို့ အလုပ်နည်း သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ လက်ခံကွန်ပျူတာ တစ်လုံးစီက ပိုငယ်တဲ့ ကွန်ပျူတာတွေနဲ့ ဆက်သွယ် ပြောကြားဖို့ရာ ဘာသာစကားအသစ်တစ်ခု ကိုလေ့လာ ဖို့ပဲရှိတယ်လို့လည်း ဆိုလိုတယ်။ ပြီး ကွန်ရက်ကြီးတစ်ခု လုံးကို အာရ်ပါအနေနဲ့ ပိုကောင်းကောင်း ထိန်းချုပ်နိုင် စေတယ်။
လာရီရောဘတ် ၀ါရှင်တန်ကို ပြန်ရောက်တဲ့အခါ အာရ်ပါနက်အတွက် သူက ၀က်စ်ကလာ့ခ်ရဲ့ စိတ်ကူးစိတ် သန်းများ ပါဝင်တဲ့ စီမံချက်အသစ်တစ်ခု ရေးဆွဲခဲ့တယ်။ ပိုငယ်တဲ့ ကွန်ပျူတာ အသစ်တွေကို သူက အိုင်အမ်ပီတွေ (IMP) လို့ ခေါ်တယ်။ ဒီ အိုင်အမ်ပီတွေက မတူညီတဲ့ လက်ခံကွန်ပျူတာတွေကြား ဆက်သွယ်ပေါင်းကူး ပေးတာတွေဖြစ်လိမ့်မယ်။ တစ်နည်းပြောရရင် စနစ်နှစ်ခု ကို ဆုံပြီး ပြောကြားဆက်သွယ်ဖို့ သူတို့က လုပ်ဆောင် ပေးလိမ့်မယ်။
အာရ်ပါနက်ရဲ့ ဒီဇိုင်းက ပိုပြီး ထင်ရှားကြည်လင် လာပြီ။ ဒါပေမဲ့ လာရီရောဘတ်ဟာ အိုင်အမ်ပီတွေ တစ်လုံးနဲ့တစ်လုံး ဘယ်လို ဆက်သွယ်ပြောကြားသင့် သလဲဆိုတာကို တိတိကျကျ မသိနိုင်သေးဘဲ ရှိနေဆဲ ဖြစ်တယ်။
Career
Copyright Policy & Declaration
Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။
Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။
Visitors Counter






![]() | Today | 164 |
![]() | Yesterday | 188 |
![]() | This week | 164 |
![]() | Last week | 1354 |
![]() | This month | 921 |
![]() | Last month | 5626 |
![]() | All days | 52791 |
Your IP: 38.107.191.99
,
Today: Sep 05, 2010






